ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ
အခုခေတ်လို တီဗီတွေ၊ ဗီဒီယိုဂိမ်းတွေ၊ လက်ကိုင်ဖုန်းဂိမ်းတွေ မှိုလိုပေါက်နေတဲ့ ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ ကလေးတွေရဲ့ မိဘတွေအပေါ် အာရုံစိုက်မှုဟာလဲ ကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးရှိတဲ့ မိဘတိုင်းလိုလို ကိုယ့်ကလေးက ကိုယ်ပြောတာကို မကြားတာ၊ ကြားပေမယ့် တစ်ခါထဲနဲ့ ပြန်မဖြေတာ၊ ကိုယ်ပြောတာကို တုန့်ပြန်မှုရဖို့ ၃-၄ ခါ ထပ်ခါထပ်ခါ ပြောရတာတွေ မကြာခန ကြုံကြရ မှာပါ။ ကလေးတွေရဲ့ ဗီဇကိုကလဲ သူတို့ကြားချင်တာကို ကြားပြီး သူတို့မကြားလိုတာကို မကြားပဲ နေတတ်တဲ့ အမူအကျင့် ရှိကြပါတယ်။ ဒီလိုကြုံလာတာ များလာရင် မိဘလုပ်သူကလဲ စိတ်တိုပြီး ကလေးကို အော်ငေါက်မိတာ၊ ရိုက်နှက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ မိဘက စကားပြောတဲ့အခါ ကလေးလုပ်သူက ချက်ခြင်း အာရုံစိုက် နားထောင်အောင် ကလေးကို ဘယ်လိုလေ့ကျင့် သင်ကြားပေးမလဲဆိုတာ ဒီအပါတ် ဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ စိတ်အာရုံကို ထွေပြားစေတဲ့ အနှောက်အရှက်တွေကို အရင် ဖယ်ရှားပါ ကလေးက တီဗီကြည့်နေတဲ့ အခါမျိုး၊ ဂိမ်းကစားနေတဲ့ အခါမျိုးတွေ၊ ဖုန်းထဲကနေ ယူကျုဗီဒီယို ကြည့်နေတဲ့ အခါမျိုးတွေမှာ အခန်းရဲ့ တဖက်ခြမ်းကနေ အော်ပြီးပြောတမျိုးဟာ ဘာမှ အကျိုးရလာဒ် မရှိနိုင်ပါဘူး။ ဒီလိုအခါမျိုးမှာ ကလေးကို စကားမပြောမီ၊ မေးခွန်းမမေးမီ၊ ဒါမှမဟုတ် ညွှန်ကြားချက် တစ်ခုခု မပေးမီမှာ အရင်ဆုံး စိတ်အာရုံကို ထွေပြားစေတဲ့ အရာတွေကို အရင် ဖယ်ရှားပါ။ တီဗီကို ပိတ်လိုက်တာ၊ ဒါ မှမဟုတ် အသံတိုးလိုက်တာ၊ ဂိမ်းကို ခနရပ်လိုက်တာ အရင်လုပ်ပြီးမှာ ကလေးကို စကားပြောပါ။ ဖြစ်နိုင်ရင် မျက်လုံးချင်းဆုံပြီး ပြောပါ။ လိုအပ်ရင် ကလေးရဲ့ ပုခုံးကို ကိုင်ပြီး စကားပြောတာမျိုးဟာ ကလေးရဲ့ စိတ်အာရုံ စူးစိုက်မှုကို ပိုရနိုင်ပါတယ်။ ကြိုတင်သတိပေးပါ ကိုယ်လုပ်စေချင်တဲ့ ညွှန်ကြားချက်ကို ၅ မိနစ် ကြိုပေးပါ။ ဥပမာ တီဗီကြည့်နေတဲ့ ကလေးကို နောက် ၅ မိနစ်နေရင် တီဗီပိတ်ပြီး ရေချိုးရတော့မယ်နော်လို့ ကြိုပြောပါ။ ၅ မိနစ် ပြည့်တာနဲ့ တီဗီပိတ်ပြီး ရေချိုးပါစေ။ ဒီလိုပဲ ဖုန်းပွတ်နေတဲ့ ကလေးကို စာလုပ်ချိန် ရောက်ရင် နောက် ၅ မိနစ်နေ ကျောင်းစာစလုပ် ရတော့မယ်နော် ဆိုပြီး ကြိုသတိပေးပါ။ ကလေးအတွက် အပြောင်းအလဲလုပ်ဖို့…