သင့်ကလေးကို မပြောသင့်တဲ့ စကားငါးခွန်း
ကလေးတွေရဲ့ ဦးဏှောက်ဟာ အလွန်ကို နုနယ်ပါတယ်။ ဒီလိုပဲ ကလေးတွေရဲ့ စိတ်ဟာလဲ အလွန်နုနယ်တဲ့ အတွက် လူကြီးတွေက သူတို့ကို ပြောတဲ့ စကားတွေကို လက်လွတ်စပယ် မပြောပဲ ဆင်ခြင်သင့်ပါတယ်။ လူကြီးမိဘရဲ့ စကားအမှား တစ်ခုကြောင့် ကလေးရဲ့ စိတ်ခံစားမှုကို ထိခိုက်သွားနိုင်ပါတယ်။ အောက်မှာ ကလေးစိတ်ပညာရှင်တွေက ကလေးတွေကို မိဘလုပ်သူတွေအနေနဲ့ မပြောသင့်ဘူးလို့ ထောက်ပြထားတဲ့ စကားငါးခွန်းအကြောင်းကို ဆွေးနွေထားပါတယ်။ တိတ်စမ်းမငိုနဲ့ တစ်ခါတစ်ရံမှာ ကလေးတွေဟာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပဲ ငိုနေတတ်ကြပါတယ်။ တစ်ခါတစ်လေ အကြာကြီး ငိုတဲ့ အခါကြတော့ မိဘလုပ်သူက စိတ်တိုပြီး “တိတ်စမ်း၊ မငိုနဲ့၊ အခုတိတ်” ဆိုပြီး ဆူမိငေါက်မိ တတ်ပါတယ်။ ဒါမျိုး ကလေးရှိတဲ့ မဘတိုင်း ကြုံဘူးမှာပါ။ ဒီလိုဆူငေါက်လိုက်လို့ ကလေးက ကြောက်ပြီး ချက်ချင်း အငိုတိတ်သွား သလား။ တစ်ခါတစ်လေ အောင်မြင်ကောင်း အောင်မြင်နိုင်ပေမယ့် အများအားဖြင့်တော့ အငိုမရပ်တာ များပါတယ်။ မိဘတွေ အနေနဲ့တော့ ကလေးက ဘာအကြောင်းမှ မယ်မယ်ရရ မရှိပဲ ဒီလိုငိုနေတာမျိုး ကြုံရတာ တော်တော်လေး စိတ်ပျက်စရာပါ။ မိဘလုပ်သူ အနေနဲ့ ဘာ့ကြောင့် ကိုယ့်ကလေး ဒီလိုငိုနေရတာလဲ ဆိုတာ နားမလည်နိုင်အောင်ပါပဲ။ ဒါပေမယ့် ကလေးလုပ်သူ အတွက်ကတော့ ဒါဟာ သူ့ရဲ့ စိတ်တွင်းခံစားမှုရဲ့ ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။ ကလေးတွက်က ငိုတာကလွဲလို့ သူ့စိတ်ခံစားမှုကို ထုတ်ဖေါ်ပြဖို့ အခြားနည်းလမ်းမှု သူမသိတာကိုး။ သူဘာခံစားနေရလဲ ဆိုတာကို မိဘလုပသူက နားလည်အောင် ပြောပြဖို့လဲ သူ့မှာ စကားလုံး ကြွယ်ဝမှု မရှိသေးပါဘူး။ ဒီလို စိတ်ခံစားမှုကို ထုတ်ဖေါ်ပြသတာကို “မငိုနဲ့ တတ်စမ်း၊ အခုတိတ်” ဆိုပြီး အတင်းအကြပ် တားဆီးတာဟာ ကလေးရဲ့ စိတ်ဖွံဖြိုးမှုအတွက် အများကြီး အန္တရာယ် ရှိပါတယ်။ ကလေးဟာ အရိုက်ခံရမှာ၊ အပြစ်ပေးခံရမှာကို ကြောက်တဲ့အတွက် သူ့ရဲ့ စိတ်ခံစားမှုကို ချိုးနှိမ်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီလို စိတ်ခံစားမှုကို ချိုးနှိမ်ဖို့ ကြိုးစားတဲ့အတွက် ကလေးမှာ စိတ်ဒါဏ်ရာရနိုင်ပါတယ်။ “တိတ်စမ်း၊ မငိုနဲ့တော့” လို့ ပြောတာဟာ ကလေးရဲ့ ခံစားနေ ရမှုကို လျော့နည်းသွားစေခြင်း မရှိတဲ့အပြင် ကလေးကို “သူ့ရဲ့ စိတ်ခံစားမှုတွေဟာ အကြောင်းခိုင်လုံမှု မရှိဘူး” ဆိုတဲ့ မှားယွင်းတဲ့ အတွေးအမြင်ကို…