You are currently viewing ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ
ကလေးတွေကို မိဘစကား နားထောင်အောင် ငယ်စဉ်ကတဲက စိတ်ရှည်ရှည်နဲ့ လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။

ကိုယ့်စကားနားထောင်အောင် ကလေးကိုဘယ်လို လေ့ကျင့်သင်ကြား ပေးမလဲ

  • Post author:
  • Post category:Parenting

အခုခေတ်လို တီဗီတွေ၊​ ဗီဒီယိုဂိမ်းတွေ၊ လက်ကိုင်ဖုန်းဂိမ်းတွေ မှိုလိုပေါက်နေတဲ့ ဒစ်ဂျစ်တယ် ခေတ်ကြီးမှာ ကလေးတွေရဲ့ မိဘတွေအပေါ် အာရုံစိုက်မှုဟာလဲ ကျဆင်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကလေးရှိတဲ့ မိဘတိုင်းလိုလို ကိုယ့်ကလေးက ကိုယ်ပြောတာကို မကြားတာ၊ ကြားပေမယ့် တစ်ခါထဲနဲ့ ပြန်မဖြေတာ၊ ကိုယ်ပြောတာကို တုန့်ပြန်မှုရဖို့ ၃-၄ ခါ ထပ်ခါထပ်ခါ ပြောရတာတွေ မကြာခန ကြုံကြရ မှာပါ။ ကလေးတွေရဲ့ ဗီဇကိုကလဲ သူတို့ကြားချင်တာကို ကြားပြီး သူတို့မကြားလိုတာကို မကြားပဲ နေတတ်တဲ့ အမူအကျင့် ရှိကြပါတယ်။ ဒီလိုကြုံလာတာ များလာရင် မိဘလုပ်သူကလဲ စိတ်တိုပြီး ကလေးကို အော်ငေါက်မိတာ၊ ရိုက်နှက်မိတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ မိဘက စကားပြောတဲ့အခါ ကလေးလုပ်သူက ချက်ခြင်း အာရုံစိုက် နားထောင်အောင် ကလေးကို ဘယ်လိုလေ့ကျင့် သင်ကြားပေးမလဲဆိုတာ ဒီအပါတ် ဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။

စိတ်အာရုံကို ထွေပြားစေတဲ့ အနှောက်အရှက်တွေကို အရင် ဖယ်ရှားပါ

ကလေးက တီဗီကြည့်နေတဲ့ အခါမျိုး၊ ဂိမ်းကစားနေတဲ့ အခါမျိုးတွေ၊ ဖုန်းထဲကနေ ယူကျုဗီဒီယို ကြည့်နေတဲ့ အခါမျိုးတွေမှာ အခန်းရဲ့ တဖက်ခြမ်းကနေ အော်ပြီးပြောတမျိုးဟာ ဘာမှ အကျိုးရလာဒ် မရှိနိုင်ပါဘူး။ ဒီလိုအခါမျိုးမှာ ကလေးကို စကားမပြောမီ၊ မေးခွန်းမမေးမီ၊ ဒါမှမဟုတ် ညွှန်ကြားချက် တစ်ခုခု မပေးမီမှာ အရင်ဆုံး စိတ်အာရုံကို ထွေပြားစေတဲ့ အရာတွေကို အရင် ဖယ်ရှားပါ။ တီဗီကို ပိတ်လိုက်တာ၊ ဒါ မှမဟုတ် အသံတိုးလိုက်တာ၊ ဂိမ်းကို ခနရပ်လိုက်တာ အရင်လုပ်ပြီးမှာ ကလေးကို စကားပြောပါ။ ဖြစ်နိုင်ရင် မျက်လုံးချင်းဆုံပြီး ပြောပါ။ လိုအပ်ရင် ကလေးရဲ့ ပုခုံးကို ကိုင်ပြီး စကားပြောတာမျိုးဟာ ကလေးရဲ့ စိတ်အာရုံ စူးစိုက်မှုကို ပိုရနိုင်ပါတယ်။

ကြိုတင်သတိပေးပါ

ကိုယ်လုပ်စေချင်တဲ့ ညွှန်ကြားချက်ကို ၅ မိနစ် ကြိုပေးပါ။ ဥပမာ တီဗီကြည့်နေတဲ့ ကလေးကို နောက် ၅ မိနစ်နေရင် တီဗီပိတ်ပြီး ရေချိုးရတော့မယ်နော်လို့ ကြိုပြောပါ။ ၅ မိနစ် ပြည့်တာနဲ့ တီဗီပိတ်ပြီး ရေချိုးပါစေ။ ဒီလိုပဲ ဖုန်းပွတ်နေတဲ့ ကလေးကို စာလုပ်ချိန် ရောက်ရင် နောက် ၅ မိနစ်နေ ကျောင်းစာစလုပ် ရတော့မယ်နော် ဆိုပြီး ကြိုသတိပေးပါ။ ကလေးအတွက် အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်ချိန် ရတဲ့ အတွက် ကလေးက ကိုယ်ပြောတာကို ပိုပြီး နားထောင်ဖို့ အခွင့်အလမ်း များလာပါတယ်။

တစ်ချိန်ကို ညွှန်ကြားချက် တစ်ခုပဲ ပေးပါ

ကလေးငယ်တွေဟာ ညွှန်ကြားချက် အများအပြားကို လိုက်ပါလုပ်ဆောင်နိုင်စွမ်း အားနည်းပါတယ်။ ဥပမာ – အင်္ကျီချွတ် ပြီး အဝတ်ဟောင်း တောင်းထဲထည့်၊ ပြီရင်ရေချိုးပြီး ထမင်းစားဖို့ လာခဲ့ ဆိုတဲ့ ညွှန်းကြားချက်မျိုးကို လူကြီးလုပ်သူက ကောင်းကောင်းသဘောပေါက် ပေမယ့် ကလေးလုပ်သူကတော့ နားလည်ချင်မှ နားလည်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် သူတို့ကို ညွှန်ကြားချက် ပေးတဲ့အခါ တစ်ကြိမ်ကို ညွှန်ကြားချက် တစ်ခုပဲ ပေးပါ။ ရှုပ်ထွေးတဲ့ ညွှန်ကြားချက်တွေကို ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေဖြစ်အောင် အပိုင်းပိုင်းခွဲပြီး ညွှန်ကြားနိုင်ပါတယ်။ ပထမ ညွှန်ကြားချက်ကို ကလေးက ပြီးအောင်လုပ်ဆောင်ပြီးမှာ ဒုတိယ ညွှန်ကြားချက်ကို ဆက်ပေးပါ။

ကိုယ်ပြောတာဘာလဲဆိုတာ ကလေးကို ပြန်ပြောခိုင်းပါ

စစ်ကားတွေ ကြည့်ဖူးတယ် မဟုတ်လား။ အထူသဖြင့် အမေရိကန် စစ်ကားတွေမှာ လူကြီးလုပ်သူက ညွှန်ကြားချက် တစ်ခုပေးလိုက်ရင် အောက်က ညွှန်ကြားခံရသူက ညွှန်ကြားချက်ကို ပြန်ရွတ်ပြီး လက်ခံရရှိကြောင် သတင်းပို့တာလေ။ ဒါဟာဘာလဲဆိုတော့ လူကြီးလုပ်သူရဲ့ ညွှန်ကြားချက်ကို အောက်လက်ငယ်သားက အတိအကျ သဘောပေါက်ကြောင်း သေချာအောင် လုပ်ဆောင်တဲ့ ပရိုတိုကောလ် ဖြစ်ပါတယ်။ ဒီလိုပဲ ကလေးကို ညွှန်ကြားချက် တစ်ခုခု ပေးတဲ့အခါမှာ ကိုယ်ပေးတဲ့ ညွှန်ကြားချက် ကို ကလေးအတိအကျ နားလည်ကြောင်း သေချာအောင် ပြန်ပြောခိုင်းပါ။ ကလေးက ကိုယ်ပြောတာကို သေချာနားလည်ကြောင်း သေချာစေသလို ကလေးက နားလည်မှု လွဲနေရင်လဲ ပြန်ပြင်ပေးနိုင်ပါတယ်။

ကိုယ်ပြောတာ နားထောင်ရင် အသိအမှတ်ပြု ချီးမွမ်းပါ

ကလေးက အမူအကျင့်ကောင်းတွေ ပြုမူတဲ့အခါ အသိအမှတ်ပြုခြင်း၊ ချီမွမ်းခြင်းဖြင့် ဒီအမူအကျင့်ကောင်းတွေ စွဲမြဲအောင် အားပေးပါ။ ဥပမာ ကိုယ်က ကလေးကို အခန်းရှင်းခိုင်းတဲ့အခါ ကလေးက ချက်ချင်းထရှင်းရင် ဒါကို အသိအမှတ်ပြုပြီး ချီးမွမ်းပါ။ တစ်ခါတစ်လေလဲ ဆုချီးမြင့်ပါ။ ကလေးက ကောင်းတဲ့လုပ်ဆောင်မှု လုပ်တာတွေကို ပြက္ခဒိန်မှာ ကြယ်ပွင့်လေးတွေပြပြီး မှတ်တမ်းတင်တာမျိုး၊ ဒါမှမဟုတ် နံရံမှာ ကတ်ပြားတစ်ခု ချိန်ထားပြီး ကလေးက ကိုယ့်စကား နားထောင်တိုင်း စတစ်ကာတစ်ခု ကပ်ပေးတာမျိုးတွေဟာ ကလေးရဲ့ အပြုအမူကောင်းတွေ ပိုမိုဖွံ့ဖြိုးစေဖို့ အားပေးရာ ရောက်ပါတယ်။

ကိုယ်ပြောတာ နားမထောင်ရင် ထိုက်သင့်တဲ့ အပြစ်ဒါဏ်ပေးပါ

ကလေးက ကိုယ့်ပြောစကား နားမထောင်တဲ့ အခါမျိုးမှာ ထိုက်သင့်တဲ့ ပြစ်ဒါဏ် ပေးဖို့လိုအပ်ပါတယ်။ ဥပမာ ညဖက် တီဗီ ပေးမကြည့်တော့တာ၊ ဖုန်းကို ၂၄ နာရီ ပေးမသုံးတာ၊ ဗီဒီယိုဂိမ်း ၂၄ နာရီ ပေးမကစားတော့တာ အစရှိသဖြင့်ပေါ့။ မရိုက်ပါနဲ့။ မအော်ပါနဲ့။ ကလေးကို ပြောတာမလုပ်ရင် ဘာဖြစ်မလဲဆိုတာကို တစ်ကြိမ်ပြောပါ။ တစ်ကြိမ်ပဲ ပြောပါ၊ ထပ်ခါထပ်ခါ မပြောပါနဲ့။ ကလေးက ကိုယ့်စကား နားမထောင်ရင် ပြောတဲ့အတိုင်း အပြစ်ပေးပါ။ ဥပမာ – ည ၇ နာရီထိုးလို့မှာ အိမ်စာမပြီးရင် ဒီညတီဗီ မကြည့်ရတော့ဘူး လို့ပြောထားရင် ၇ နာရီ ထိုးလို့မှ အိမ်စာ မပြီးသေးဘူးဆိုရင် ပြောထားတဲ့အတိုင်း တီဗီပေးမကြည့်ပါနဲ့။ မလုပ်ရင် ဘာဖြစ်မလဲဆိုတာကို ကလေးခေါင်းထဲ စွဲသွားဖို့ လိုပါတယ်။ လုပ်ဖို့ ထပ်ခါထပ်ခါ ပြောနေတာ၊ အော်ဟစ်နေတာတွေ မလုပ်ပါနဲ့။ ဒီလို စကားနားမထောင်ရင် သူ့အကျိုးခံစားခွင့်တွေ ဆုံးရှုံးရတယ် ဆိုတာကို ကလေးက သဘောပေါက်သွားရင် ကိုယ့်စကား နားထောင်ဖို့ လိုအပ်တယ် ဆိုတာကို ကလေးက တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်။