ကိုယ့်ကလေးကို အိမ်မှာ ဘယ်လို အင်္ဂလိပ်စာ သင်ပေးမလဲ
မိဘတော်တော်များများဟာ အိမ်မှာ ကိုယ့်ကလေးကို အင်္ဂလိပ်စာ သင်ပေးချင် ကြပါတယ်။ ကလေးကို အင်္ဂလိပ်စာ ကျူရှင်ပို့တဲ့ မိဘတွေတောင်မှပဲ အိမ်မှာတတ်နိုင်သရွေ့ သင်ပေးချင် ကြပါတယ်။ဒါပေမယ့် ဘယ်လိုသင်ရမလဲဆိုတာ မိဘတော်တော်များများက မသိကြပါဘူး။ အောက်မှာ မိမိကလေးကို အသက် အပိုင်းအခြားအလိုက် ဘယ်လို အင်္ဂလိပ်စာ သင်ပေးရမလဲဆိုတာ အကြံပြု ဆွေးနွေးထားပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ချင်တယ်၊ ဘယ်ကဘယ်လို စရမှန်း မသိဘူး ဖြစ်နေတယ် မိဘတော်တော်များများက အိမ်မှာကလေးကို အင်္ဂလိပ်စာ စသင်ပေးချင် ပေမယ့် ဘယ်ကစရမှန်း မသိ ဖြစ်နေတတ်ကြပါတယ်။ အချို့ကလဲ ကိုယ့်အင်္ဂလိပ်စာ အခြေခံက အကောင်း ကြီးမဟုတ်တော့ မစရဲတဲ့သူတွေလဲ ရှိပါတယ်။ ကလေးကို အင်္ဂလိပ်စာ စသင်ဖို့ဆိုတာ မိဘလုပ်သူက အင်္ဂလိပ်စာ အရမ်းကောင်းနေစရာ မလိုပါဘူး။ အဓိက အရေးအကြီးဆုံး လိုအပ်ချက်က မိဘလုပ်သူက ကလေးကို အင်္ဂလိပ်စာ တတ်အောင် သင်ပေးလိုတဲ့ ပြင်းပြတဲ့ စိတ်ရယ်၊ နောက်ပြီး ကလေးကို အင်္ဂလိပ်စာ သင်ချင်လာအောင် အားပေးအားမြှောက် လုပ်ပေးဖို့နဲ့ ကလေးက အင်္ဂလိပ် စာလုံးလေးတွေ တတ်လာတဲ့ အခါမှာ ချီးမွမ်းဂုဏ်ပြုဖို့ပဲ ဖြစ်ပါတယ်။ ကလေးက ချက်ချင်း အင်္ဂလိပ်လို စပြီး မပြောလို့ ဘာမှစိုးရိမ်စရာ၊ အားငယ်စရာ မလိုပါဘူး။ ကလေးတွေ အင်္ဂလိပ်လို စပြောဖို့ဆိုတာ အချိန်အတိုင်းအတာ တစ်ခုလိုအပ်ပါတယ်။ မိဘက စိတ်မပျက်ပဲ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးမယ်ဆိုရင် သိပ်မကြာမီ ကာလတစ်ခုအတွင်းမှာ ကလေးက အင်္ဂလိပ်လို စပြောလာပါလိမ့်မယ်။ ပုံမှန် အချိန်သတ်မှတ်ချက် တစ်ခုထားပြီး ကလေးကို အင်္ဂလိပ်စာ သင်ပေးပါ ကလေးကို အိမ်မှာ အင်္ဂလိပ်စာ သင်တာကို ပုံမှန် အချိန်သတ်မှတ်ချက် တစ်ခုထားပြီး (အချိန်ဇယားဆွဲပြီး) သင်ကြားပေးပါ။ တစ်ကြိမ်ကို အချိန်အကြာကြီး သင်တာထက် အချိန်တိုတို နဲ့ ခွဲသင်တာက ပိုအကျိုးရှိပါတယ်။ စသင်စမှာ ကလေးငယ်တွေဆို ၁၅ မိနစ်လောက်ဆိုရင် လုံလောက်ပါတယ်။ ဒီထက်ပိုကြာရင် ကလေးက စိတ်ဝင်စား အာရုံစိုက်နိုင်စွမ်း လျှော့နည်းသွားပါမယ် ကလေးကြီးရင်တော့ အချိန်နည်းနည်း ပိုယူနိုင်ပါတယ်။ နေ့စဉ် အင်္ဂလိပ်စာ သင်ချိန်ကို အချိန်တစ်ခု သတ်မှတ်ပြီး သင်ပေးပါ။ စာသင်တဲ့အခါ သင်ခန်းစာတွေကို ကလေးတွေ စိတ်ဝင်စားမယ့် သင်ခန်းစာမျိုးတွေ ရွေးချယ်ပေးပြီး တစ်နေ့နဲ့ တစ်နေ့ မရိုးအောင် အပြောင်းအလဲ…