သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား
ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ - ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ သိပါလိမ့်မယ်။ ကိုယ့်သားသမီး တစ်ခုခု ဖြစ်နေမှန်းလဲ မိဘလုပ်သူက သိတယ်၊ ဘာဖြစ်နေမှန်းလဲ မသိ၊ သိအောင်မေးတော့လဲ မဖြေဆိုတော့ စိတ်ပူတာရော၊ စိတ်တိုတာရော ပေါင်းပြီး တော်တော် ခံရခက်တဲ့ ခံစားမှုပါ (ကလေးမရှိသေးသူတွေ၊ ကလေးငယ်ငယ်လေးပဲ ရှိသေးတဲ့ မိဘတွေ ရီမနေ ကြပါနဲ့၊ သိပ်မကြာခင် ကြုံရမှာမို့ အားမွေးထားကြပါ)။ ဒီထက်ပိုဆိုးတာကတော့ မိဘလုပ်သူက သတိမထားမိလို့ ကိုယ့်သားသမီး ရင်ထဲမှာ တစ်ခုခု ခံစားနေရတာ မသိလိုက်ပဲ နောက်ကျမှ သိတာမျိုးဆိုရင် မကောင်းပါဘူး။ ဒါ့ကြောင့် မိဘလုပ်သူတွေ အနေနဲ့ ကိုယ့်သားသမီး ရင်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာတွေဖြစ်နိုင်မလဲဆိုတာ မှန်းဆကြည့်ဖို့ အကြံဉာဏ်လေးတွေ ပေးလိုက်ပါရစေ။ (၁) ကလေးကို စောင့်ကြည့်ပါ ကျွန်တော်ကျွန်မတို့ မြင်တဲ့ကြားတဲ့ အရာတိုင်းကို ဂရုပြု မှတ်သားမိကြရဲ့လား။ ကိုယ့်ရှေ့မှာ မြင်တာကြားတာကို ဂရုမပြုမိတာမျိုး ဘယ်နှစ်ခါ ကြုံဖူးကြပါသလဲ။ အထူသဖြင့် အခုခေတ်လို အင်တာနက်တွေ၊ Facebook တွေ၊ မိုဘိုင်းဖုန်းပေါ်က ဂိမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ခေတ်ကြီးမှာ တစ်ခါတစ်လေ ကိုယ့်ရှေ့တင် ဖြစ်သွားတာကို သတိမထားလိုက်မိတာ၊ တစ်ဖက်သား ကိုယ့်ကိုပြောတဲ့ စကားကို မကြားလိုက်မိတာမျိုးဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပါပြီ။ ဒီလို ကိုယ်ကတစ်ခုခုကို အာရုံစိုက်နေမိတဲ့ အချိန်မျိုးမှာ ကိုယ့်ကလေးက မျက်စေ့မျက်နှာ ပျက်နေတာမျိုး၊ ငေးမှိုင်နေတာမျိုး၊ တိတ်တဆိတ် ငိုယိုနေတာမျိုးတွေကို သတိမထားလိုက်မိရင် ဒီလို သားသမီးက ကိုယ့်ရဲ့ အားပေးမှုကို အလိုအပ်ဆုံးအချိန်မှာ ကိုယ့်က…